Monday, May 28, 2012

လျှပ်စစ်မီးအဆင်ပြေရန် ဂျပန်နိုင်ငံမှ 120 MW Gas Turbine သုံးလုံးငှားပေးမည်

From : ခေတ်လူငယ်ဂျပန်နိုင်ငံ Nikkei Inc: နှင့် ဂျပန်စီးပွားရေးသုတေသန ဗဟိုဌာန (Japan Center for Economic Research) တို့က တာဝန်ခံ၍ ဂျပန်နိုင်ငံ တိုကျိုမြို့၌ မေ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပသော 18th International Conference on the Future of Asia သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တက်ရောက်ခဲ့သည်။ ယင်းကွန့်ဖရင့်ကို ဂျပန်နိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ထိပ်တန်းခေါင်းဆောင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေး ဟောပြောကြသည်။ အဆိုပါ ကွန်ဖရင့်၏ အဓိက အကြောင်းအရာခေါင်းစဉ်မှာ ပြောင်းလဲမှုများ၊ ရှုပ်ထွေးမှုများဖြင့် မတည်ငြိမ်သော ယနေ့ကမ္ဘာ၌ အာရှ၏ အခန်းကဏ္ဍအတွက် ဖွံ့ဖြိုးမှုပုံစံသစ်တစ်ခု ရှာဖွေဖော်ထုတ်ရန် (Asia’s Role in a Tumultuous World-In Search of a New Growth Model) ဖြစ်သည်။ တက်ရောက်လာကြသည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ထိပ်တန်းခေါင်းဆောင်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ကမ္ဘာ့စီးပွားရေး အခြေအနေကို စိန်ခေါ်နေမှုနှင့် ဖြေရှင်းမှုနည်းလမ်းများအား အာရှ၏ ရှုမြင်သုံးသပ်ချက်၊ အာရှ၏ အနာဂတ်အတွက် ရှေ့တန်းရောက်လာသော သိပ္ပံနည်းပညာ၊ အာရှ-ပစိဖိတ်ဒေသတွင် သြဇာအာဏာထိန်းညှိမှု ပျက်ယွင်းလာခြင်းနှင့် ဒေသတွင်း လုံခြုံရေးအပေါ် သက်ရောက်မှုအခြေအနေ၊ အာရှပေါင်းစည်းကမ္ဘာတွင် လှုပ်ရှားတက်ကြွသော စွမ်းအားသစ်များ ပေါ်ထွန်းလာခြင်းဟူသော အကြောင်းအရာ ခေါင်းစဉ်များအား တစ်ဦးချင်းနှင့် အဖွဲ့လိုက် ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ရှင်းလင်းဖြေကြားခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အာရှနှင့် ယနေ့ မြန်မာနိုင်ငံတော်သစ် အခြေအနေ၊ မြန်မာနိုင်ငံ၏ အနာဂတ်အလားအလာနှင့် အာရှ၏ အနာဂတ်ရည်မှန်းချက်ဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားကာ အသေးစိတ် ဟောပြောဆွေးနွေးခဲ့ပြီး ကွန်ဖရင့်သို့ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းသည် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr.Yukio Edano နှင့် မေ ၂၄ ရက်တွင် လည်းကောင်း၊ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.Koichiro Gemba နှင့် မေ ၂၅ ရက်တွင် လည်းကောင်း သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊ မြန်မာနိုင်ငံတွင် လက်တလော ကြုံတွေ့နေရသည့် လျှပ်စစ်ဓါတ်အား မလုံလောက်မှုနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်း စသည့်အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အား လိုအပ်နေမှုအခြေအနေကို အထောက်အကူ ပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ 120 MW Gas Turbine သုံးလုံးကို မြန်မာနိုင်ငံအနေဖြင့် ငှားရမ်းအသုံးပြုနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ သဘောတူညီမှုကို ရရှိခဲ့သည်။ ထို့အပြင် မြန်မာနှင့် ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းသည် မြန်မာနိုင်ငံသို့ မေ ၂၆ ရက်တွင် ပြန်လည်ရောက်ရှိကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews