Monday, July 2, 2012

သမိုင်းဝင် အောင်ပွဲအဖြစ် ဂိုးပြတ်နိုင် ( စပိန် ၄ - ၀ အီတလီ )

အီတလီကို ဂိုးပြတ် ခြေပြတ် အနိုင် ယူပြီးနောက် ကမ္ဘာပေါ်တွင် မည်သည့် ဘောလုံး အသင်းမှ လိုက်မမီနိုင်သေးသည့် စံချိန်ကောင်း တစ်ခုကို စပိန်အသင်း ပိုင်ဆိုင်လာပြီ ဖြစ်သည်။ ဥရောပ ဖလား ဗိုလ်လု ပွဲစဉ်တွင် စပိန်သည် အင်းဒရက်စ် အင်နီယေစတာ၊ ဆက်စ်ဖာဘရီဂက်စ်၊ ဒေးဗစ်ဆေးလ်ဗား၊ ရှာဘီအလွန်ဆို၊ ဆာဂျီယို ဘုရှ်ကွက်စ်၊ ရှာဗီ ဟာနန်ဒက်ဇ်၊ ဂျော်ဒီအယ်လ်ဘာ၊ ဆာဂျီယိုရာမို့စ်၊ ဂျရတ်ပီကေး၊ အယ်လ်ဗာရို အဘီလိုအာတို့ကို ပွဲထုတ် ခင်းကျင်းခဲ့သည်။ အီတလီတွင်မူ မာရီယို ဘာလော့တယ်လီ၊ အန်တိုနီယို ကာဆာနို၊ ဒန်နီရယ်လ် ဒီရော့ဆီ၊ ရီကာဒို မွန်တိုလီဗို၊ ကလော်ဒီယို မာချီစီယို၊ အင်ဒရီ ပီယာလို၊ ဂျော်ဂျီယို ချီလီယေနီ၊ လီယိုနာဒို ဘိုနူစီ၊ အန်ဒရီရာ ဘာဇာဂလီရာ၊ အစ်ဂ်နာဇီယို အဘာတီတို့ ပါဝင်ကစားသွားကြသည်။
 ပွဲအစ (၈)မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် ရာမို့စ် ခပ်ပြင်းပြင်း ခေါင်းတိုက် ဂိုးသွင်းရန် ကြိုးစားသော်လည်း ဂိုးဘားတန်းပေါ် ကျော်သွားခဲ့သည်။ (၁၀)မိနစ်တွင် ရှာဗီက ဖာဘရီဂက်စ်နှင့် အပေးအယူ ကစားပြီး လှမ်းကန်သော ဘောလုံး အီတလီ ဂိုးဘားပေါ်မှ ကပ်၍ ဖြတ်သွားသည်။ (၁၄)မိနစ်တွင် စပိန်အသင်း ဂိုးစရသည်။ အင်နီယေစတာ ခင်းပေးလိုက်သည့် ဘောလုံးကို ဖာဘရီဂက်စ်က ဆွဲပြေးကာ အီတလီ နောက်ခံလူ တစ်ဦး၏ ဖိအားပေးနေမှုမှ ရုန်းထွက်ပြီး ချိုးပေးလိုက်ရာ ဆေးလ်ဗားက ဂိုးတိုင် အပေါ်ထောင့်ထဲ ခေါင်းတိုက် သွင်းယူသွားခြင်း ဖြစ်သည်။ (၂၉)မိနစ်တွင် ဒီရော့ဆီ လှမ်းပေးသည့် ဘောလုံးကို ကာဆာနိုက လှည့်ယူကာ အနိမ့် ကန်သွင်းသော်လည်း စပိန်ဂိုးသမား အိုင်ကာ ကားဆီးလက်စ် ဖမ်းမိခဲ့သည်။ (၃၃)မိနစ်တွင် ပါလို ဖန်တီးပေးသော ဘောလုံးကို ကာဆာနို ဂိုးသွင်းရန် ကြိုးစားသော်လည်း ကားဆီးလက်စ် ဒိုင်ဗင်ထိုး ကာကွယ်သွားသည်။ (၄၂)မိနစ်တွင် စပိန်အသင်း ဒုတိယဂိုး ရသွားသည်။ ဘယ်ခြမ်းမှ အရှိန်နှင့် ပြေးတက်လာသော နောက်ခံလူ အယ်လ်ဘာ၏ လမ်းကြောင်းထဲ ရှာဗီက သပ်ရပ်စွာ ဘောလုံး ထုတ်ပေးလိုက်ရာ အယ်လ်ဘာက စပိန် လက်ရွေးစင် အတွက် ၎င်း၏ ပထမဆုံးဂိုးကို အပြင်း ကန်သွင်းသွားခဲ့သည်။ ပထမပိုင်း အပြီးတွင် စပိန်က (၂)ဂိုးအသာဖြင့် ဦးဆောင်နေသည်။

(၄၇)မိနစ်တွင် အီတလီ လူစားဝင် တိုက်စစ်မှူး အန်တိုနီယို ဒီနာတယ်လီ ခေါင်းတိုက်ခွင့် တစ်ကြိမ်ရသော်လည်း ဂိုးဘားတန်း ကျော်သွားသည်။ (၅၂)မိနစ်တွင် မွန်တိုလီဗိုက ဒီနာတယ်လီအတွက် ဖန်တီးပေးလိုက်သော ဘောလုံးကို ၀ါရင့်တိုက်စစ်မှူးက အကောင်းဆုံး ဂိုးသွင်းရန် ကြိုးစားခဲ့သော်လည်း ကားဆီးလက်စ် ပုတ်ထုတ်ခဲ့သည်။ ထိုဘောလုံး ဒီနာတယ်လီဆီ ပြန်ရောက်ပြီး ၎င်းက ဘာလော့တယ်လီထံ ချိုးပေးရန် ကြိုးစားမှုကိုလည်း စပိန်အသင်းခေါင်းဆောင် ကားဆီးလက်စ်ပင် ဖြတ်တောက်ထားလိုက်သည်။ ပွဲချိန် (၆၁)မိနစ်တွင် အီတလီအသင်းမှ မော့တာ ဒဏ်ရာ ရသွားရာ အစောပိုင်းကတည်းက (၃)ဦးစာ လူစားလဲပြီး ဖြစ်နေခြင်းကြောင့် အီတလီအသင်း (၁၀)ယောက်ကျန်ဖြင့် ရုန်းကန်ရတော့သည်။ ထို့နောက် စပိန်သည် (၇၅)မိနစ်တွင် ဖာဘရီဂက်စ်အစား ဖာနန်ဒို တောရက်စ်ကို လူစား သွင်းခဲ့ပြီး တောရက်စ်က (၈၄)မိနစ်တွင် ဂိုးသွင်းယူသည်။ အီတလီ ကွင်းလယ်၏ ဘောလုံး ဆုံးရှုံးမှုမှ တစ်ဆင့် ရှာဗီ ရှင်းလင်း တိကျစွာ ခင်းပေးသော ဘောလုံးကို ဂီယန်လူဂီ ဘူဖွန်နှင့် အနီးကပ် အနေအထား၌ တောရက်စ်က သပ်ရပ်စွာ အနိမ့်ကန်ထည့်သွားခဲ့သည်။ ထို့နောက် စပိန်သည် ဥရောပဖလား ပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချယ်လ်ဆီး တောင်ပံလူ ဂျူအန်မာတာကို ကစားခွင့် ပေးခဲ့သည်။ မာတာသည် ကွင်းထဲရောက်လာပြီး (၂)မိနစ်အကြာ (၈၈)မိနစ်တွင် တောရက်စ် ချိုးပေးသည့် ဘောလုံးကို အကာအ ကွယ်မဲ့နေသည့် ဂိုးပေါက်ထဲ ခပ်ပြင်းပြင်း ကန်သွင်းကာ စပိန်အတွက် စတုတ္ထဂိုးကို ရယူပေးနိုင်ခဲ့သည်။

ပွဲအပြီးတွင် စပိန်သည် (၄-၀)ဖြင့် အီတလီ အပေါ် အောင်ပွဲ ခံနိုင်ခဲ့ပြီး (၄)နှစ်အတွင်း အဓိက ဆုဖလားကြီး (၃)လုံးကို ဆက်တိုက် ရယူနိုင်သည့် တစ်ခုတည်းသော နိုင်ငံ လက်ရွေးစင် အသင်းအဖြစ် သမိုင်းမော် ကွန်းသစ်ကို ရေးထိုး အောင်မြင်နိုင်ခဲ့သည်။
Ref: Eurosport

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews