Saturday, July 7, 2012

ဟံသာဝတီလေဆိပ်အား ၂၀၁၆ နှစ်ကုန် အပြီးတည်ဆောက်မည်

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည်အ၀င် သိသိသာသာ တိုးတက်များ ပြားလာသည်နှင့် အမျှ နိုင်ငံတကာလေကြောင်း လိုင်းသစ်များလည်း တိုက်ရိုက်ပြေးဆွဲရန် စီစဉ်နေရာ လက်ရှိရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တိုးတက် များပြားလာသည့် ခရီးသည် အရေအတွက်ကို လက်ခံဆောင်ရွက်ပေးရန် အခက်အခဲရှိလာ တော့မည်ဖြစ်၍ ပဲခူးမြို့အနီးရှိ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ်အား အစွမ်းကုန် တည်ဆောက်ရန်လိုအပ်နေပြီဟု လေကြောင်း ပို့ဆောင်ရေး လုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးတင်နိုင်ထွန်းက ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ် သည့် လေဆိပ်များ ပုဂ္ဂလိက အခန်းကဏ္ဍပါဝင် ဆောင်ရွက် နိုင်ရေး ရှင်းလင်းပွဲ တွင် ပြောကြားသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးစီမံကိန်းအဖြစ် နိုင်ငံတကာအဆင့်မီလေဆိပ်တစ်ခု တည်ဆောက် သွားရန်နှင့် လက်ရှိအပြည်ပြည် ဆိုင်ရာ လေဆိပ်များ၊ ပြည်တွင်းလေဆိပ်များ အား နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်လာစေရန် ပြည် တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသူ များနှင့် ဘီအိုတီ၊ ပူးတွဲလုပ်ကိုင် စနစ်နှင့် အငှားစနစ်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲလုပ်ကိုင်ရာတွင် ပုံမှန်အားဖြင့် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စများသဖြင့် နှစ်နှစ်နီး ပါးမျှ ကြာသော်လည်း ယခုဟံသာဝတီလေဆိပ်စီမံကိန်းအား ၁၁ လ အတွင်း အပြီးလုပ်ငန်းစတင် ရန် ဆောင်ရွက် မည်ဟု သိရှိရသည်။
"၁၁ လအကြာ ၂၀၁၃ ခုနှစ်၊ ဇွန်လမှာ ကျွန်တော်တို့က လုပ်ငန်းစတင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ အကြို အရည်အသွေးစစ်ဖို့ ခေါ်ယူမှာဖြစ်ပါတယ်။ ခေါ်တဲ့ အကြောင်းအရင်းက ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီရဲ့ နည်းပညာပိုင်းနဲ့ ငွေကြေး တောင့်တင်းမှုကို လေ့လာသိရှိဖို့ ဖြစ်ပါတယ်။နောက် ဒီကနိုင်ငံတကာ သံရုံးတွေကတစ်ဆင့်လည်း ပို့ခိုင်းပြီး သက်ဆိုင်ရာနိုင်ငံတွေ ကိုဖြန့်ဝေ ခိုင်းမှာ ဖြစ်ပါတယ်။ လာမယ့် ဇူလိုင် ၉ ရက်နေ့ မှာ သတင်းစာကတစ်ဆင့် ကြေညာမှာဖြစ်ပါတယ်။ နောက်ဆုံးပိတ် ရက် တော့ စက်တင်ဘာ လ ၉ ရက်နေ့ပါ။ အဲဒီ ၂ လ အတွင်းလာလျှောက်တဲ့ ကုမ္ပဏီတွေထဲကမှ ရွေးချယ်လိုက်တဲ့ ကုမ္ပဏီတွေကို တင်ဒါတင်ဖို့ဖိတ်ခေါ်မှာဖြစ်ပါ တယ်"ဟု ဦးတင်နိုင်ထွန်းကပြောသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အား ၂၀၁၃ ခုနှစ်၊ ဇွန်လမှ စတင်အကောင် အထည်ဖော် မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက်မည်ဖြစ်သည်။
"ကျွန်တော်တို့ အခုသွားမယ့် စနစ်က တည်ဆောက်ရေးသာမက စီမံအုပ်ချုပ်ရေး အပိုင်း၊ လုပ်ငန်းလည်ပတ်မှုအပိုင်းနဲ့ ပြုပြင် ထိန်းသိမ်းရေးအပိုင်းတွေလည်း လုပ်ရမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်ပြောသည်။
သို့ဖြစ်၍ လက်ရှိကာလအပါအ၀င် ဟံသာဝတီ လေဆိပ်တည်ဆောက်မည့်ကာလ စုစုပေါင်း လေးနှစ်ကာ လအထိ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အား ဆက်လက် အသုံးပြုသွားရမည်ဖြစ်ရာ ပြုစုထားသော စာရင်း အရ လက်ရှိလက်ခံဆောင် ရွက်နိုင်သည့် ခရီးသည်ပမာဏ မကြာမီ ကျော်လွန်တော့မည် ဖြစ်သည်။
ထို့ကြောင့် လက်ရှိရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ရေးနှင့် ပြန်လည်ပြုပြင်ရေး အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား လာမည့် စက်တင်ဘာလတွင်ဖိတ်ခေါ်ပြီး အကြိုအရည် အသွေးစစ်မည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန် နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များအား နိုင်ငံခြား ကုမ္ပဏီတစ် ခုနှင့် ပြန်လည် ပြင်ဆင်နေကြောင်း သိရှိရသည်။
လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် တစ်နှစ်ခရီးသည် ၂ ဒသမ ၇ သန်းအထိ သာ လက်ခံဆောင်ရွက်နိုင်ပြီး လေယာဉ် ဆိုက်ကပ်ကာ ခရီးသည် ထွက်ခွာနိုင်သည့် လှေခါး အဆက် လေးခုသာရှိကြောင်း ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်း ကျော်က ပြောသည်။
ထို့ပြင် လေဆိပ်တွင် လက်ရှိ အဲဘတ်စ်အေ-၃၂၀ လေယာဉ် ငါးစင်း၊ ဘိုးယင်း ၇၃၇-၄၀၀ ခြောက် စင်း၊ ဖော်ကာ-၂၈ နှင့် အေတီ အာရ်-၇၂ ခြောက်စင်း စုစုပေါင်းလေယာဉ် ၁၇ စင်းသာ ရပ်နားနိုင်သည့် အကျယ်အ၀န်းသာရှိကြောင်း ၎င်းကဆက်ပြောသည်။
ပြည်တွင်းပြည်ပ လေကြောင်းလိုင်း ဆင်းသက် မှုကြိမ်ရေ စာရင်းအရ ၂၀၁၀ ပြည့်နှစ်တွင် ၁၇,၈၂၈ ကြိမ်သာရှိရာမှ ၂၀၁၁ ခုနှစ်တွင် ကြိမ်ရေ ၁၉,၀၉၅ အထိ မြင့်တက်လာခဲ့သည်။
ဌာနမှ ရရှိသော စာရင်းအရ ၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ ခရီးသည် ၁ ဒသမ ၅၃ သန်းအထိ ၀င်ရောက်ခဲ့ပြီး နှစ်ကုန်တွင် ၃ သန်း အထိ မြင့်တက်လာနိုင်ကြောင်း ဒေါ်နွယ်နီဝင်းကျော် က ပြောသည်။
"တကယ်တမ်း လေဆိပ်လက်ခံနိုင်စွမ်းက ၂ ဒသမ ၇ သန်းသာဖြစ်ပေမယ့် အခုစာရင်းအရဆို နှစ်ကုန်ပိုင်း မှာ လက်ခံနိုင်စွမ်း ထက်ကျော်တော့ မှာ ဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်း ဆက်တက်မယ်ဆို ၂၀၁၅ ခုနှစ်မှာ ခရီးသည် ၅ ဒသမ ၅ သန်းလောက်အထိ မြင့်တက်လာနိုင် ပါတယ်။ ဒါကြောင့် လက်ရှိ ရန်ကုန်လေဆိပ် ကို အစွမ်းကန်တိုးချဲ့မှဖြစ်မှာပါ။ ဈေးကွက် အခြေအနေအရလည်း တိုးချဲ့သွားဖို့ ရှိပါတယ်" ဟု ၎င်းကဆက်ပြောသည်။လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှတစ်ဆင့် ပြည်တွင်းလေကြောင်း လိုင်း ခြောက်လိုင်းနှင့် နိုင်ငံ တကာလေကြောင်းလိုင်း ၁၄ လိုင်း တိုက်ရိုက်ပြေးဆွဲနေသည်။
သို့ဖြစ်၍ ရန်ကုန်လေဆိပ်ဧရိယာ အကျယ် အ၀န်းအရ ထပ်မံတိုးချဲ့ တည်ဆောက်ရန် နေရာအ ခက်အခဲရှိနေပြီး ၂၀၁၅ နှစ်နောက်ပိုင်း တွင် ခရီးသည်ဝင်ရောက်မှု ပိုမိုများပြားနိုင်သည့် အတွက် ရန်ကုန်မြို့အနီး တစ်ဝိုက်တွင် လေဆိပ် တစ်ခု တည်ဆောက်ရန် မဖြစ်မနေ လိုအပ်နေ ကြောင်း ၎င်းကပြောသည်။
ရန်ကုန်မြို့နှင့် မိုင် ၅၀ အတွင်း လေဆိပ်သစ် တစ်ခု တည်ဆောက်ရန် စီစဉ်ပြီး ဟံသာဝတီ အပါအ၀င်၊ မအူပင်၊ ထန်းတပင်၊ မှော်ဘီ၊ လှည်းကူး၊ အင်းတိုင်၊ တိုက်ကြီး၊ ဖူးကြီးနှင့် သန်လျင်မြို့များကို တွက်ချက်လေ့လာပြီး နောက်ဆုံး လေယာဉ်ကွင်းတည်ဆောက်ရန် အသင့်လျော်ဆုံးဖြစ်သည့် ဟံသာဝတီ အား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဟံသာဝတီလေဆိပ်သည် ပဲခူးမြို့နယ် အတွင်းတည်ရှိပြီး မြေဧက ၉,၆၉၀ ရှိသည်။ ၁၉၉၄ ခုနှစ်၊ မတ်လတွင် လေဆိပ်တည်ဆောက် ရေးစီမံကိန်းကို စတင်ခဲ့သော်လည်း ၂၀၀၃ ခုနှစ် အောက်တိုဘာလ တွင် ရပ်ဆိုင်းခဲ့သည်။
ပြေးလမ်း (၁၂,၀၀၀ x ၂၀၀)ပေ၊ သွားလမ်း (၁၂,၀၀၀ x ၁၀၀)ပေနှင့် ရပ်နားနေရာ (၂၀၀ x ၈၀၀)ပေရှိသည်။
အကြို အင်ဂျီနီယာလုပ်ငန်းနှင့် မြေကြီးလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်သည်။
myanmar time

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews