Friday, June 22, 2012

ရော်နယ်လ်ဒို သွင်းဂိုးဖြင့် အကြို ဗိုလ်လုပွဲတက်သည့် ပေါ်တူဂီ ~ ပေါ်တူဂီ ၁ - ၀ ချက်

ဥရောပ ဖလား အဖွင့် ပွဲစဉ်ကို အရှုံးနှင့် စတင် ခဲ့သော်လည်း အကြို ဗိုလ်လုပွဲကို ပေါ်တူဂီတို့ အစောဆုံး တက်ရောက် လာခဲ့ပြီ ဖြစ်သည်။
ပေါ်တူဂီ အသင်းသည် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဟဲလ်ဒါ ပေါ်စတီဂါ၊ လူးဝစ်နာနီ၊ ဂျိုအို မော်တင်ဟို၊ ရောလ်မီရာလက်စ်၊ မီဂွယ် ဗီလော့ဆို၊ ဖေဘီယို ကွန်ထရာအို၊ ဘရူနိုအဲလ်ဗက်စ်၊ ပီပီ၊ ဂျိုအို ပီယဲရားနှင့် ရီပွာထရီကိုတို့အား ပွဲထွက် စာရင်းတွင် ထည့်သွင်း အသုံးပြုခဲ့သည်။ ချက်တွင်မူ မီလန်ဘားရို့စ်၊ ဗက်လက်ဗ် ပီလာ၊ ဗလာဒီမာ ဒါရီဒါ၊ ပီတာ ဂျီရာဆက်ခ်၊ ဂျာရိုဆလက်ဗ် ပလာဆီလ်၊ တိုမက်စ် ဟက်ဘ်ခ်ျမန်း၊ ဒေးဗစ်လင်ဘာစကီး၊ မိုက်ကယ် ကက်ဒ်လက်၊ တိုမက်စ် ဆီဗော့ခ်၊ သီအိုဒို ဆီလက်စ်ဆီးနှင့် ပီတာဆက်ခ်ျတို့ ပွဲထွက်လာသည်။ချက်နှင့် ပေါ်တူဂီတို့သည် အုပ်စုအဆင့်မှ လွတ်မြောက်လာပြီးသည့် ပွဲစဉ်ပီပီ တစ်သင်းနှင့် တစ်သင်း အမှားမခံဘဲ ချောင်းကစားခဲ့သည်။ အစောပိုင်းတွင် နှစ်သင်းလုံး အပြန်အလှန် ထိုးဖောက်ရန် ကြိုးစားနေသော်လည်း တိကျသော အပိုင် အခွင့်အရေးမျိုး မရရှိခဲ့ကြပေ။ ပွဲချိန် မိနစ်(၃၀)တွင် ပီပီ ပေးပို့သော ဘောလုံးကို ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်လ်ဒို လေထဲ နောက်ပြန် ကန်ချက်ဖြင့် ဂိုးသွင်းယူရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။ (၃၇)မိနစ်တွင် ပေါ်တူဂီ တိုက်စစ်မှူး ပေါ်စတီဂါ နာသွားသဖြင့် ဟူဂို အယ်လ်မိုင်ဒါနှင့် လူစား လဲခဲ့ရသည်။ (၄၃)မိနစ်တွင် ချက်အသင်း ဂိုးဧရိယာထဲ၌ ရော်နယ်လ်ဒို ဘောလုံးကို လှပ သပ်ရပ်စွာ ချိတ်ယူပြီး လှမ်းကန်ရာ ချက်ဂိုးသမား ဆက်ခ်ျအနီးရှိ ဂိုးတိုင် အောက်ခြေကို ထိထွက် သွားသဖြင့် ပေါ်တူဂီတို့ နစ်နာခဲ့ရသည်။ ပထမပိုင်း အပြီးတွင် ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။

ဒုတိယပိုင်းတွင်မူ ပေါ်တူဂီက ခြေစွမ်းပိုင်း သိသိသာသာ အပေါ်စီး ရောက်လာပြီး ချက်ဂိုးသမား ဆက်ခ်ျတစ်ယောက် အလုပ်များခဲ့တော့သည်။ အထူးသဖြင့် ပေါ်တူဂီသည် တောင်ပံများတွင် အနီးကပ် အပေးအယူလုပ်ကာ ဗဟိုထဲ ချိုးဝင် ထိုးဖောက်သည့် နည်းဗျူဟာကို အားပြုကာ ချက်အသင်းကို ဖိအားပေးခဲ့သည်။ (၄၇)မိနစ်တွင် ပေါ်တူဂီ၏ လူစားဝင် တိုက်စစ်မှူး အယ်လ်မိုင်ဒါ လွတ်လွတ် ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရသော်လည်း ဂိုးဘားတန်း ကျော်သွားသည်။ (၅၁)မိနစ်တွင် ကိုက်(၃၀)မျှ အကွာမှ ရော်နယ်လ်ဒို လှမ်းကန်သော ပြစ်ဒဏ်ဘောသည် ဂိုးတိုင်အောက်ခြေ အပြင်ဘက် ထိထွက်သွားပြန်သည်။ (၅၉)မိနစ်တွင် နာနီ၏ အဝေးကန်ချက်ကို ဆက်ခ်ျပုတ်ထုတ်ပြီး ချက်နောက်ခံလူ ဆီလက်စ်ဆီးက ဆက်တိုက် ရှင်းထုတ်ခဲ့ရသည်။ (၆၄)မိနစ်တွင် မော်တင်ဟို အဝေးမှ လှမ်းကန်သော ဘော လုံးကို ဆက်ခ်ျက ဂိုးဘားတန်းပေါ် ကျော်သွားအောင် အသည်းအသန် ပုတ်ထုတ်ခဲ့ရသည်။ (၆၅)မိနစ်တွင် အယ်လ်မိုင်ဒါ နောက်တစ်ကြိမ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရပြန်သော်လည်း ဖြုန်းတီး ခဲ့ပြန်သည်။

(၇၈)မိနစ်တွင် ပေါ်တူဂီတို့ ဂိုးစ ရသွားသည်။ ညာခြမ်းတွင် နာနီက မော်တင်ဟို၏ ပြေးလမ်းကြောင်းထဲ ထည့်ပေးလိုက်သော ဘောလုံးကို ကွင်းလယ် ကစားသမားက ဂိုးရှေ့ ဖြတ်တင်ရာ ရော်နယ်လ်ဒိုက ချက်နောက်ခံလူ တစ်ဦး နောက်မှ ပြေးတက်လာပြီး မြေစိုက် ခေါင်းတိုက်ချက်ဖြင့် သွင်းယူ သွားခဲ့သည်။ ချက်အသင်းသည် တောက်လျှောက် ခံစစ်ဖြစ်နေပြီး ပြိုင်ဘက်အား ဖိအား မပေးနိုင်သည့် အကျိုးဆက်ကို ခံစား လိုက်ရခြင်းလည်း ဖြစ်သည်။ (၈၂)မိနစ်တွင် ပီယဲရား အဝေးမှ လှမ်းကန်သော ဘောလုံးကို ဆက်ခ်ျက အကောင်းဆုံး ပုတ်ထုတ် ကာကွယ် ခဲ့ပြန်၍သာ ချက်အသင်း ဂိုးပြတ် မရှုံးခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီမှာမူ တိုက်စစ် ခြေစွမ်းပြပြီး ချက်ကို ကျော်ဖြတ်ကာ အကြို ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။
Ref: Eurosport

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews