Thursday, June 28, 2012

တောင်ကိုရီးယားအား သရေ ကစားကာ ခြေစစ်ပွဲ အောင်မြင်ရေး အားကောင်းလာသည့် မြန်မာယူ-၂၂

ယနေ့ ညနေ ၆း၁၅ နာရီတွင် သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် အာရှ ယူ-၂၂ ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်တွင် တောင်ကိုရီးယားနှင့် မြန်မာတို့ ဂိုးမရှိ သရေပွဲ အဖြစ် ပြီးဆုံးခဲ့သည်။ ယခုပွဲစဉ်တွင် မြန်မာ အသင်းသည် ရန်အောင်ဝင်းအား လစ်ဘရိုနေ ရာတွင် ထားကာ ၎င်း၏ ရှေ့တွင် သက်နိုင်၊ အောင် ဟိန်းကျော်၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်းတို့ဖြင့် ကစားခဲ့သည်။ ကွင်းလယ်တွင် နိုင်လင်းဦးနှင့် ဖြိုးကို ကိုသိန်းတို့ ကစားခဲ့ပြီး ကြည်လင်း၊ ကျော်ဇေယျာ ၀င်းနှင့် ကျော်ကိုကိုတို့က တိုက်စစ်တွင် ကစားခဲ့သည်။ ပွဲစသည်နှင့် မြန်မာအသင်းက ကိုရီးယား အသင်းဘက်သို့ ထိုးဖောက်ရန် ကြိုးပမ်းခဲ့ပြီး ကိုရီးယား အသင်းကလည်း တန်ပြန် ထိုးစစ်ဖြင့် ခြိမ်းခြောက်ခဲ့သည်။ ပွဲကြည့်စင်မှ ပရိသတ် များကလည်း "မြန်မာဟေ့" ဟု တခဲနက် ဟစ်ကြွေးလျက် ရှိကာ ပွဲချိန် ၂မိနစ် မပြည့်မီတွင် ကိုရီးယား အသင်း မြန်မာ ဂိုးဧရိယာ အစပ်မှ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ယင်းမှတစ်ဆင့် ကိုရီးယား တိုက်စစ်မှူး ဟွမ်အူဂျို အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးပေါက် ကပ်လွဲ သွားခဲ့သည်။


ပွဲချိန် ၅မိနစ်ခန့်အထိ ကိုရီးယား အသင်းက ဘောလုံး ကိုင်ကစား နေခဲ့ပြီး ပိုင်မှ ထိုးဖောက်သည့် ဟန်ဖြင့် မြန်မာအသင်းအား ရင်ဆိုင်ခဲ့သည်။ ထို့နောက်တွင် ကျော်ဇေယျာဝင်း ပေးသည့် ဘောလုံးအား သိန်းသန်းဝင်း ဘယ်ခြမ်းမှ ထိုးဖောက်ရာ တောင်ကိုရီးယား နောက်ခံလူများ တားဆီး နိုင်ခဲ့သည်။ ပွဲချိန် ၁၁မိနစ်တွင် မြန်မာအသင်း အတွက် ပထမဆုံး ကန်သွင်းခွင့် အဖြစ် ကြည်လင်း ဧရိယာ အပြင် ခပ်လှမ်းလှမ်းမှ ကန်သွင်းချက် ဂိုးဘေး ထွက်သွားခဲ့သည်။

ထို့နောက်တွင် ကိုရီးယား အသင်းက မြန်မာ ဧရိယာထိပ်မှ ဖရီးကစ် ကန်ခွင့် ရခဲ့သော်လည်း အရာမထင် ခဲ့ပေ။ ကိုရီးယား အသင်းသည် ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ကစားနေခဲ့ပြီး မြန်မာအသင်းမှာ တစ်ချက် တစ်ချက်တွင်မှ ထိုးဖောက်ခွင့် ရခဲ့သည်။ ၁၅မိနစ်တွင် ကွင်းလယ် ဘယ်ခြမ်းမှ မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့ပြီး ကျော်ဇေယျာဝင်း ကန်တင်ပေးမှု ကောင်းမွန် သော်လည်း နောက်ခံလူ ဖျက်ထုတ်ခဲ့သည်။ ထို့နောက်တွင် ညာခြမ်းမှ ကြည်လင်း ထိုးဖောက်ရာမှ မြန်မာတို့ ပထမဆုံး ထောင့်ကန်ဘော ကန်ခွင့်ရခဲ့သည်။ သို့သော် ယင်း ထောင့်ကန်ဘောအား မြန်မာတို့ အသုံးချ နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

၁၉မိနစ်တွင် တောင်ကိုရီးယား အသင်း၏ ထိုးဖောက်မှုအား ရန်အောင်ဝင်း အကောင်းဆုံး ဖျက်ထုတ်ခဲ့ကာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ မြန်မာအသင်းသည် မိနစ် ၂၀ ကျော်သည်အထိ တောင်ကိုရီးယား အသင်းအား အကောင်းဆုံး ယှဉ်ကစားနေပြီး ပရိသတ်များ ကလည်း တခဲနက် အားပေး ခဲ့ကြသည်။ မိနစ် ၂၀ကျော် နောက်ပိုင်းတွင် နှစ်သင်းစလုံး ကွင်းလယ်တွင်သာ အပျက်များ နေခဲ့ပြီး ဂိုးသွင်းခွင့် မယ်မယ်ရရ မရဘဲ ဖြစ်နေခဲ့သည်။

၃၁မိနစ်တွင် ကိုရီးယား အသင်း ညာထောင့်ကန်ဘော ရရှိခဲ့သော်လည်း မြန်မာ ကစားသမားများ အကောင်းဆုံး ရှင်းထုတ် နိုင်ခဲ့သည်။ ၃၄မိနစ်တွင် ဟွမ်အူဂျို ဧရိယာ အတွင်းမှ ကန်သွင်းခွင့် ရရှိခဲ့သော်လည်း မြန်မာ နောက်ခံလူ ထိထွက်ခဲ့သည်။ ၃၆မိနစ်တွင် ကြည်လင်း ညာခြမ်းမှ ဖန်တီးပေးသည့် ဘောလုံးအား ကျော်ကိုကို ဆွဲဝင် ကန်သွင်းခဲ့ရာ ဂိုးပေါက် လွဲခဲ့၍ နစ်နာခဲ့သည်။ မိနစ် ၄၀တွင် ကြည်လင် တောင်ပံတစ်လျှောက်မှ ထိုးဖောက်ရာမှ မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့သည်။ သို့သော် ကျော်ဇေယျာဝင်း ကန်တင် ပေးမှုအား ဂိုးသမားက မြန်မာ တိုက်စစ်မှူးများ ကြားမှ အသာအယာ ဆွဲဖမ်း ထားနိုင်ခဲ့သည်။

၄၃မိနစ်တွင် ကိုရီးယား အသင်း ဘယ်ထောင့်ကန်ဘော မှတစ်ဆင့် လီဂျွန်ဆောင်း အပိုင်ကန်ခွင့် ရခဲ့သော်လည်း ဂိုးပေါက် ကပ်လွဲ သွားခဲ့သည်။ ပထမပိုင်း နာကျင် အချိန်ပိုတွင် ကိုရီးယား အသင်း ညာခြမ်းမှ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ရာ ပတ်ကွမ်ဂီး ကန်တင်မှုအား ကင်ယွန်းဟန် ကန်သွင်းခွင့် ရခဲ့သော်လည်း ဂိုးပေါက်လွဲ ခဲ့ကာ ပထမပိုင်း ၄၅မိနစ် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပြန်စသည်နှင့် ကိုရီးယား အသင်းက ဘောလုံး ကိုင်ကစားကာ မြန်မာ နောက်ခံလူများအား ကျော်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။ ၄၈မိနစ်တွင် ဖြိုးကိုကိုသိန်း ထိခိုက်ဒဏ်ရာ ရခဲ့၍ ရဲဇော်ထက်အောင်နှင့် လူစားလဲ ခဲ့သည်။ ၅၁မိနစ်တွင် ကိုရီးယား အသင်း ညာခြမ်းမှ ထိုးဖောက်မှုမှ တစ်ဆင့် ဂိုးပေးရလု နီးပါး ဖြစ်ခဲ့သော်လည်း ကိုရီးယား တိုက်စစ်မှူး ပိတ်သွင်းချက် နောက်ခံလူ ထိထွက်ခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ၅၄မိနစ်တွင် မြန်မာအသင်း တိုက်စစ်ဆင် ရာမှ ကျော်ကိုကို ပြိုင်ဘက် အင်္ကျီဆွဲ၍ အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။

ဒုတိယပိုင်းတွင် မြန်မာအသင်း အားနည်းချက်များမှ တစ်ဆင့် ကိုရီးယား အသင်းက ဂိုးသွင်းခွင့်များ ရရှိရန် ကြိုးပမ်း လာခဲ့သည်။ မြန်မာအသင်း အနေဖြင့် ဘောလုံး ကိုင်ကစားခွင့် မယ်မယ်ရရ မရဘဲ ကိုရီးယား အသင်း၏ ထိုးစစ်အား ဟန့်တားရန်သာ ကြိုးပမ်း နေခဲ့ရသည်။ ၆၄မိနစ်တွင် ကိုရီးယား ထိုးစစ်ဆင်မှုအား ဟန့်တားခဲ့သည့် ကြည်လင်း အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ထို့နောက်တွင် မြန်မာအသင်းက ဘယ်ခြမ်းတွင် ခြေစွမ်း မပြနိုင်သည့် ကျော်ဇေယျာဝင်း နေရာတွင် နန္ဒလင်းကျော်ချစ်အား ထည့်သွင်း ကစားခဲ့သည်။

၆၆မိနစ်တွင် တောင်ကိုရီးယား အသင်း ဧရိယာ အတွင်းမှ အပိုင်ကန်ခွင့် တစ်ကြိမ် ရရှိခဲ့ သော်လည်း ကျော်ဇင်ဖြိုး လက်စွမ်းပြ ကာကွယ် နိုင်ခဲ့၍ သက်သာခဲ့သည်။ ၆၈မိနစ်တွင် ကိုရီးယား အသင်းက ပတ်ယောင်ဂျီ နေရာတွင် ဂျောင်ဂျွန်ဟီးအား ထည့်သွင်း ကစားခဲ့သည်။ ထို့အတူ ၇၄မိနစ်တွင် ဂျွန်စောဟွာ နေရာတွင် ကန်ဂျွန်ဂူးနှင့် လူစားလဲခဲ့သည်။

၇၅မိနစ်တွင် မြန်မာအသင်း ညာထောင့်ကန်ဘော ရရှိခဲ့ပြီး ယင်း ထောင့်ကန်ဘောအား အကောင်းဆုံး အသုံးချ နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၇၇မိနစ်တွင် ကြည်လင်း ညာခြမ်းမှ ထိုးဖောက် ဖြတ်တင်ပေးရာမှ မြန်မာအသင်း ဂိုးရရန် နီးစပ်ခဲ့ သော်လည်း ဂိုးသမားနှင့် နောက်ခံလူများ အကောင်းဆုံး ရှင်းထုတ် သွားခဲ့သည်။ မိနစ် ၇၀နောက်ပိုင်းတွင် မြန်မာအသင်း ကစားအား တက်လာခဲ့ပြီး ပွဲ၏ အမြန်နှုန်း ပိုမို မြင့်တက်ခဲ့ကာ အကြိတ်အနယ် ပွဲကောင်းတစ်ပွဲ ဖြစ်နေခဲ့သည်။

မိနစ် ၈၀တွင် မြန်မာအသင်း ဂိုးဧရိယာ အပြင်ဘီးကုတ် အစပ်မှ ကိုရီးယား အသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရရာ ပတ်ကွမ်ဂီး ကန်ချက် နောက်ခံလူ ထိထွက်ခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ယင်းထောင့်ကန်ဘော မှတစ်ဆင့် ပြန်အံလာသည့် ဘောလုံးအား ညာတောင်ပံ ကစားသမားက မြန်မာ ဂိုးပေါက်ရှေ့ ဖြတ်တင်ပေးရာ ကိုရီးယား တိုက်စစ်မှူး ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးဘေး ထွက်ခဲ့သည်။

၈၄မိနစ်တွင် ကိုရီးယား အသင်း ဂိုးရလုနီးနီး ဖြစ်ခဲ့သော်လည်း ဂိုးသမား ကျော်ဇင်ဖြိုး အနာခံ တားဆီးခဲ့၍ သက်သာခဲ့သည်။ ၈၅မိနစ်တွင် မြန်မာအသင်း ဂိုးပေါက်နှင့် ကိုက် ၃၀ကျော် အကွာမှ ကိုရီးယား အသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ သော်လည်း နောက်ခံလူ များအား ကျော်လွှား နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၈၇မိနစ်တွင် နန္ဒလင်းကျော်ချစ် အဝေးမှ အပြင်းကန်သွင်း ခဲ့သော်လည်း ဂိုးသမား ကာကွယ်ခဲ့သည်။

၈၈မိနစ်တွင် နန္ဒလင်းကျော်ချစ် ဖြတ်တင်မှုအား ကိုရီးယား နောက်ခံလူ တားရာမှ ထောင့်ကန်ဘော ဖြစ်ခဲ့ပြီး "မြန်မာဟေ့" ဆိုသည့် ပရိသတ်များ၏ ဟစ်ကြွေးသံမှာ ပွက်ပွက်ညံ နေခဲ့သည်။ ယင်းထောင့်ကန်ဘောမှ ရဲဇော်ထက်အောင် အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးဘေး ကပ်ထွက် သွားခဲ့၍ နစ်နာခဲ့သည်။ ထို့နောက်တွင် ကိုရီးယား အသင်းက လီဂျွန်ဆောင်း နေရာတွင် ဂွာဂျွန်ဟူး ၀င်ရောက် ကစားခဲ့သည်။ မိနစ် ၉၀တွင် ကိုရီးယား အသင်း ဂိုးရရန် အတော်လေး နီးစပ်ခဲ့ပြီး ဧရိယာ အတွင်းမှ တိုက်စစ်မှူး အပိုင်ကန်ချက် ဂိုးဘေးကပ်ထွက် သွားခဲ့သည်။ ယင်းနောက်တွင် နှစ်သင်းစလုံး ဂိုးမရတော့ဘဲ သရေပွဲ အဖြစ်သာ ပြီးဆုံးခဲ့သည်။
soccer myanmar

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews