Sunday, June 17, 2012

ဒီမက်တီယိုကို အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်လိုက်တာဟာ ချယ်ဆီးရဲ့ မှန်ကန်တဲ့ လုပ်ရပ်လား


From-မက်ဖန်
ချယ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရိုမန်အေဗရာမိုဗစ် အလိုချင်ဆုံး ဖလားကြီးကို ကိုင်မြောက်ပေးခဲ့တဲ့ ရော်ဘတ်တို ဒီမက်တီယိုဟာ ယခုဆိုလျှင် နှစ်နှစ် စာချုပ်သက်တမ်းနဲ့ စတန်းဖိုဒ့်ဘရစ်ရဲ့ အမြဲတမ်း နည်းပြဖြစ်သွားပါပြီ။ သို့သော်လည်း ပိုင်ရှင် မိုဗစ်အကြိုက် ကစားသမား တစ်ယောက်ရော ဟုတ်ရဲ့လား။

ချယ်ဆီးအသင်းရဲ့ အောင်မြင်မှုအတွက် နည်းပြပေါင်းများစွာကို ငွေကြေးရင်းနှီး ဆုံးရှုံးမှုပေါင်း များစွာနဲ့ တည်ဆောက်နေတဲ့ ရိုမန်ဟာ နာမည်မရှိတဲ့ လက်ထောက်နည်းပြတစ်ယောက်ကြောင့် သူလိုချင်တဲ့ ဖလားကို ပိုင်ဆိုင်ခွင့် ရသွားခဲ့ရုံမက ပြည်တွင်းမှာလည်း သြဇာကြီးလှတဲ့ အက်ဖ်အေဖလားကိုပါ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ အထင်ကြီးမှုကတော့ ဂွာဒီယိုလာရဲ့ ခြေဖျားကို မှီဦးမည် မထင်ပါဘူး။ ဘာစီလိုနာအသင်းအတွက် ဖလားပေါင်း မြောက်မြားစွာကိုယူပေးရုံတင်မက ဘောလုံးခေတ်တစ်ခေတ်ကိုပါ ထူထောင်ပေးနိုင်ခဲ့လို့ ပက်ဂွာဒီယိုလာကို ကစာသမားတိုင်း နည်းပြတိုင်း ကလပ်ပိုင်ရှင်တိုင်းက မျက်စီကျ အထင်ကြီးနေသည်မှာ မလွဲပါဘူး။ သို့ပေမဲ့ ငြီးငွေ့ဖွယ် ကောင်းလောက်အောင် ဘာစီလိုနာရဲ့ အနိုင်ယူခဲ့သည့် အောင်ပွဲနှင့် ရလဒ်များကြောင့် နူးကမ့်ကနေ စွန့်ခွာဖို့ ဆုံးဖြတ်ပြီး ခေတ္တအနားယူခဲ့လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

ချယ်ဆီးအသင်းကို တိုက်စစ်ဆင်ကစားတဲ့ အသင်း တစ်သင်းအဖြစ် မြင်တွေ့လိုနေတဲ့ မိုဗစ်အတွက် ဂွာဒီယိုလာဟာ အထင်ကြီးလေးစားလောက်တယ် ဆိုပေမဲ့ အဲဒီ နည်းပြဟာ ဗျူဟာမြောက်တဲ့ ဒီမက်တီယိုကို ချန်ပီယံလိဂ် တိုက်ပွဲမှာ နှစ်ကျော့လုံး လက်မြောက် အရှုံးပေးခဲ့ရတာကိုက အဖြေတစ်ခု ဖြစ်တယ်ဆိုတာကို မိုဗစ်က ခေါင်းမာခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း ဒီမက်တီယိုကို အမြဲတမ်းနည်းပြ ခန့်တာတောင် ငါးနှစ် မဟုတ်ဘဲ နှစ်နှစ်ဆိုတဲ့ အချိန်တိုကာလ တစ်ခုဘဲ ချုပ်ဆိုခဲ့တာပါ။ အခုဆိုရင် ဒီမက်တီယိုဟာ စတန်းဖိုဒ့်ဘရစ်ကို နှစ်နှစ်ဘဲ ကိုင်တွယ်ရခဲ့ပါတယ်။

ပက်ဂွာဒီယိုလာ ရောက်လာရင်ရော ချယ်ဆီးရဲ့ ချန်ပီယံလိဂ်သရဖူကို ကာကွယ်နိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။အသင်းတစ်သင်းကို အောက်ခြေကစလို့ ပြုပြင်ပြောင်းလဲမှုတွေလုပ် ပြုစု
ပျိုးထောင်လာခဲ့တာကြောင့် ကစားသမားနဲ့ နည်းပြကြား နားလည်မှု အဖုံဖုံကြောင့် ဘာစီလိုနာဆိုတာ ဖြစ်လာတာပါ။ ချယ်ဆီးဟာ မော်ရင်ဟိုလက်ထက်ကတည်း ရှိနေတဲ့ ကစားဟန်ကစားကွက်နဲ့ ဗျူဟာတွေဟာ လက်ရှိကစားသမားတွေဆီမှာ စိမ့်ဝင်နေဆဲပါ။ ဘိုအားစ်လက်ထက်မှာ အဲဒီ အထိုင်ကို ပြင်ဖို့ ကြိုးပမ်းပေမဲ့ အပြင်မကောင်းလို့ အသင်းကနေပါ ထုတ်ပယ်ခံလိုက်ရပေမဲ့ ဘိုအားစ်နေရာကို ၀င်ယူတဲ့ ဒီမက်တီယိုဟာ ချယ်ဆီးနဲ့ ရင်ဆိုင်ရမည့် ပြိုင်ဘက် တစ်သင်းချင်းစီကိုဘဲ အသေးစိတ် လေ့လာကာ အဓိကထား ရင်ဆိုင်သွားခဲ့တာကြောင့် မိုဗစ်လက်ထက် အဆိုးဝါးဆုံး ရလဒ်တွေကို ရင်ဆိုင်နေရတဲ့ အနေအထားကို လေးငါးလအတွင်းမှာတင် အမြန်ဆုံး ပြင်ဆင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခံစစ်အထိုင်ချ ကစားသွားတယ် ဆိုပေမဲ့ ဘာစီလိုနာနှင့် အိမ်ကွင်း အဝေးကွင်း ပွဲများမှာဘဲ Zonal Defence ခံစစ်ဇုံအထိုင်ချ ကစားခြင်းကို ဗျူဟာကျကျ အသုံးချသွားတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ နောက်ဆုံးဖိုင်နယ်မှာတော့ ဘာကာနဲ့ရင်ဆိုင်သလိုမဟုတ်တော့ဘဲဘိုင်ယန်ရဲ့အဓိက ထောက်ပံ့လမ်းကြောင်းများကို ဖြတ်တောက်ပြီး 
 တောင်ပံတလှည့် ကောင်တာ တစ်လှည့် အလှည့်ကျစီဖြင့် တိုက်စစ်ဆင်ကစားသွားခဲ့ပါတယ်။

ချယ်ဆီးထက် ကွင်းလယ်အား ကောင်းတဲ့ အသင်းများနှင့် ဆီးမီးဖိုင်နယ်၊ ဖိုင်နယ်ပွဲများကို ရင်ဆိုင်ခဲ့ရပေမဲ့ ဗျူဟာမြောက်အောင် ကစားကွက်ကို ဖန်တီးနိုင်မှုက မိုဗစ်အလိုချင်ဆုံး ဖလားကို သယ်ဆောင်ပေးလိုက်နိုင်တာဘဲ ဖြစ်ပါတယ်။ ဒီတော့ တစ်နှစ် ပေါင်သုံးသန်းနဲ့ နှစ်နှစ်စာချုပ်ဘဲ ချုပ်လိုက်တဲ့ မိုဗစ်ရဲ့ အကြံအစည်ဟာ ဘိုအားစ်ကို ပေါ်တိုက ခေါ် အန်စလော့တီကို ထုတ်လို့ ပေါင်သန်း ၄၀ လောက် ကုန်ကျခဲ့ရထက်ကို အများကြီး ချွေတာလိုက်တာကို တွေ့ရပါတယ်။ ဒါအပြင် အရင်က ထုတ်ပယ်ခဲ့တဲ့ နည်းပြတွေလိုမျိုး လျှော်ကြေးဆုံးရှုံးမှုကို ချင့်ချိန်တဲ့အတွက်ကြောင့်လား ဒါမှမဟုတ် ဂွာဒီယိုလာကို ခေါ်ဖို့ အချိန်ကန့်သတ်မှု တစ်ခု ရှိနေလို့လား ဆိုတာ စဉ်းစားစရာ ဖြစ်သွားခဲ့ပါတယ်။

ယနေ့ခေတ် ဘောလုံးအားကစားဟာ ငွေကြေးဘဏ္ဍာရေး တောင့်တင်းမှုပေါ် အခြေခံပြီး အသင်းရဲ့ အတက်အကျဟာ အပြောင်းအလဲ ရှိနေပါတယ်။ သို့ပေမဲ့ မှန်ကန်တဲ့ နည်းပြခန့်အပ်မှုကလည်း အဓိက ကျတယ်ဆိုတာချယ်ဆီးရဲ့လွန်ခဲ့သော၅နှစ်တာကာလအတွင်းအပြောင်းအလဲများစွာက ထောက်ပြနေပါတယ်။ ဂွာဒီယိုလာကလည်း ၂၁ပွဲမှာ ၃ပွဲသာ ရှုံးနိမ့်ထားတဲ့ ၂၁ပွဲကစားပြီး ဖလား ၂ လုံးရထားတဲ့ ဒီမက်တီယိုနေရာကို ချက်ချင်းကြီး ၀င်ရောက်ဖို့ဆိုတာ ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ထိုးဆင်းနေတဲ့ ရလဒ်ကို အကောင်းဆုံး အမြင့်ဆုံးအထိ ဆွဲတင်ပေးနိုင်ခဲ့တာကြောင့် ဒီလိုအနေအထားမျိုးမှာ ဂွာဒီယိုလာတင်မက အခြား ဘယ်နည်းပြမဆို လက်တွန့်ကြမည်မှာ အမှန်ပင် ဖြစ်ပါတယ်။ နည်းပြနှင့် ကစားသမားများကြားတွင်လည်း နားလည်မှု အကောင်းဆုံး အနေအထားရှိနေသည်ကို ကစားသမားများ၏ မိုဗစ်ထံ တောင်းဆိုမှုအရ သိရပြီး ဖြစ်ရာ ဒီမက်တီယိုသာလျှင် နေရာမှန်တစ်ခုအတွက် ခေါ်ယူမှု အမှန်ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။

ယခုဆိုလျှင် ချယ်ဆီးအသင်းသည် ပြုပြင်ပြောင်းလဲမှု အသစ်အတွက် အသင်းရဲ့ မျိုးဆက်တွေကို အပြောင်းအလဲလုပ်ဖို့ အဓိက ဆောင်ရွက်လာသလို နုပျိုပြီး လန်းဆန်းတက်ကြွကာ တိုက်စစ်ကစားဟန်ကို ပိုမို လှုပ်ရှားကစားပြနိုင်ဖို့ လူငယ်ကစားသမားများကို ခေါ်ယူလျက် ရှိနေပါတယ်။ အသင်းရဲ့ အဓိကကစားသမား တချို့ကို ဆုံးရှုံးရတော့မည် ဖြစ်တဲ့အတွက် အခုလို ဖြည့်ဆည်းခြင်းလည်း ဖြစ်သည်။ ဒီဒီယာဒရော့ဘာ၊ ကာလူးနှင့် မာလူဒါတို့မှာ အသင်းမှ စွန့်ခွာဖို့ သေချာသလောက် နီးပါး ရှိနေရာ ချယ်ဆီး၏ အနာဂတ်ဟာ အပြောင်းအလဲများစွာနဲ့  မြင်တွေ့ရဦးမည်မှာ အသေအချာပင် ဖြစ်ပါတယ်။

အခုဆိုရင် ကွင်းလယ်ပိုင်းမှာ လူသစ်ကစားသမားတွေဖြစ်တဲ့ အေဒင်ဟာဇက်၊ မာကိုမာရင်နှင့် လူဟောင်းများ ဖြစ်တဲ့ ဒန်နီစတားရိုက်နှင့် ရာမီရက်စ်တို့ ရှိနေရာ ကွင်းလယ်တိုက်စစ်ပိုင်းအတွက် ကြောက်စရာ အကောင်းဆုံး အုပ်ဖွဲ့မှု တစ်ခု ဖြစ်သွားဖို့ များနေပါပြီ။ ဒီမက်တီယိုရဲ့ ရာသီသစ်အတွက် ကစားကွက် အသစ် တစ်ခုကို အခုလို ကစားသမားစုဖွဲမှုကြောင့် မြင်တွေ့ရဖို့ အသေအချာပါ။ ပရီးမီးယားလိဂ်ဖလားကြီးကို ပြန်လည်ပြီး ပစ်မှတ်ထားကာတိုက်ပွဲဝင်သွားမယ်လို့ယမန်နေ့ကအင်တာဗျူးတစ်ခုတွင်ဒီမက်တီယိုက ပြောကြားသွားခဲ့ပါတယ်။ ဒါအပြင် ပေါ်တိုက ဘရာဇီးလူငယ်တိုက်စစ်မှူး ဟော့ခ်ကိုလည်း ပေါင်သန်း ၄၀ မျှဖြင့် ခေါ်ယူဖို့ ကြံရွယ်နေသလို လာမည့် သတင်းပတ်ကုန်လောက်တွင် အဖြေတစ်ခု ထွက်လာဖို့ ရှိနေပါတယ်။ဒါကြောင့် ဒီမက်တီယိုဟာ ပြီးခဲ့တဲ့ ရာသီတုန်းကနဲ့မတူတဲ့ စုဖွဲ့မှုများကို ဘယ်သို့ ကိုင်တွယ်ကာ ပြိုင်ဘက်များကို ရင်ဆိုင်သွားမည်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ငွေကြေးအတွက် ပူပန်စရာမလို အသင်းနှင့် အံဝင်မည့် ကစားသမားများကို ခေါ်ယူကာ ထောက်ပံပေးနေတဲ့ မိုဗစ်ကြောင့် လာမည့် ရာသီသစ်နဲ့ ချယ်ဆီးရဲ့ အသွင်သစ် ပုံစံဟာ ချန်ပီယံလိဂ်ဖလားကြီး ရပြီးနောက်ပိုင်း တမူထူးခြားတဲ့ အရိပ်အရောင်တွေကို မြင်တွေ့ရဖို့ ရှိနေတာ အမှန်ဘဲ ဖြစ်ပါတယ်။

ဘာဘဲဖြစ်ဖြစ်ဒီမက်တီယိုနဲ့လူငယ်ကစားသမားအသစ်များကြောင့်ချယ်ဆီးဟာစိတ်ဝင်စားစရာ ကောင်းနေဦး
မှာဖြစ်ပါတယ်။ ပိုင်ရှင်မိုဗစ်အတွက်တော့ သူရဲ့သက်တမ်းတို ခေါ်ယူထားတဲ့ နည်းပြအပေါ်အရင် နည်းပြတွေလို စိတ်မရှည်မှုတွေ မဖြစ်လောက်တော့ဘူးလို့ ခန့်မှန်းရပါတယ်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews