Wednesday, June 20, 2012

အင်္ဂလန်အသင်း အုပ်စုပထမဖြင့် ကွာတားတက်

အင်္ဂလန် ၁ - ၀ ယူကရိန်း
ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ၀ိန်းရွန်နီ၏ အဓိက ပြိုင်ပွဲကြီး တစ်ခုတွင် (၈)နှစ်အတွင်း ပထမဆုံး ပြန်လည်သွင်းယူသော ဂိုးနှင့်အတူ အင်္ဂလန်တို့ အုပ်စုဗိုလ်အဖြစ် ကွာတားတက်ခဲ့သည်။ အင်္ဂလန်တွင် ရွန်နီနှင့်အတူ ဒန်နီဝဲလ်ဘက်၊ အက်ရှ်လေယန်း၊ စကော့ပါကား၊ စတီဗင်ဂျရတ်၊ ဂျိမ်းစ်မီလ်နာ၊ ဂျွန်တယ်ရီ၊ ဂလင်းဂျွန်ဆင်၊ အက်ရှ်လေကိုးလ်၊ ဂျိုလီယန် လက်စ်ကော့တ်တို့ ပါဝင်ကစားခဲ့သည်။ အိမ်ရှင် ယူကရိန်းတွင်မူ ဒဏ်ရာအနည်းငယ် ရထားသည့် အသင်းခေါင်းဆောင် အင်ဒရီ ရှက်ဗ်ချန်ကို ဒုတိယပိုင်းမှ ၀င်ကစားခဲ့ပြီး အာတမ် မီလက်ဗ်စကီး၊ မာကိုဒီဗစ်၊ အန်ဒရီ ယာမိုလန်ကို၊ ဒင်းနစ်ဂါမက်ရှ်၊ အန်တိုလီ တိုင်မိုရှက်ခ်၊ အိုလက်ဂူဆက်ဗ် အစရှိသော ကစားသမားများ ပါဝင်လာသည်။

နှစ်သင်းလုံး အုပ်စုတက်ရေး မျှော်လင့်ချက် ရှိနေသော အနေအထားကြောင့် ပွဲစကတည်းက ဂိုးရရန် ကြိုးစားခဲ့ပြီး (၁၂)မိနစ်တွင် မီလက်ဗ်စကီး၏ ထိုးဖောက်မှုကို ပါကား ပိတ်ဆို့ခဲ့ရသည်။ (၂၈)မိနစ်တွင် ယန်းထံမှ ပေးပို့သော ဘောလုံးကို Markingလွတ်နေသည့် ရွန်နီ ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးပေါက်လွဲသွားသည်။ မိနစ်(၃၀)တွင် ယာမိုလန်ကိုက ကိုးလ်အား ကျော်ဖြတ်ပြီး လှမ်းကန်သော ဘောလုံးကို အင်္ဂလန်ဂိုးသမား ဂျိုးဟတ် ကာကွယ်နိုင်ခဲ့သည်။ (၃၂)မိနစ်တွင် ဂျရတ်၏ ထောင့်ကန်ဘောကို တယ်ရီ ကြိုးကြိုးစားစား ခေါင်းတိုက်သော်လည်း ဂိုးပေါက်လွဲသွားပြန်သည်။ ပထမပိုင်း အပြီးတွင် (၂)သင်းလုံး ဂိုးမသွင်းနိုင်ဘဲ သရေဖြစ်နေခဲ့သည်။

ထို့နောက် အင်္ဂလန်သည် ဒုတိယပိုင်း ပြန်စပြီး (၃)မိနစ်တွင် ဂိုးစရသွားသည်။ ညာခြမ်းမှ ဂျရတ် ဖြတ်တင်သော ဘောလုံးကို ယူကရိန်း ဂိုးသမား အန်ဒရီ ပြာတော့ဗ် ပိုင်ပိုင်နိုင်နိုင် မတားနိုင်သဖြင့် ချော်ထွက်သွားပြီး ရွန်နီက အနီးကပ် ခေါင်းတိုက် သွင်းယူသွားခြင်း ဖြစ်သည်။ (၆၂)မိနစ်တွင် ယူကရိန်းဘက်မှ သွင်းယူသော ဂိုးကို တယ်ရီက ဖျက်ထုတ် ကာကွယ်ခဲ့ရာ ဂိုးစည်းပေါ်မှ ဘောလုံး ကျော်ဖြတ်နေသည့် အနေအထားမျိုး ဖြစ်နေသော်လည်း ဒိုင်က အိမ်ရှင်အသင်း၏ မျှော်လင့်ချက်ကို ငြင်းပယ်ခဲ့သည်။ (၇၄)မိနစ်တွင် ယူကရိန်းမှ ယက်ဗ်ဟီနီ ကိုနိုပလန်ကာ အဝေးမှ လှမ်းကန်သော ဘောလုံးကို ဟတ်အနေဖြင့် အမိ မဖမ်းနိုင်ခဲ့သော်လည်း လက်စ်ကော့တ်က ပါးနပ်စွာ ဖျက်ထုတ်နိုင်ခဲ့သဖြင့် အင်္ဂလန်ပင် အနိုင်ရပြီး ကွာတား ဖိုင်နယ်တွင် အီတလီနှင့် ရင်ဆိုင် ရတော့မည် ဖြစ်သည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews